နမ့်ခမ်း မေ ၂၇
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသားလူငယ်များအား သန့်ရှင်းစင်ကြယ်သော ကျောင်းပတ်ဝန်းကျင်၌ အေးချမ်းပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ယနေ့နံနက် (၈:၃၀) နာရီ အချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်လင်းမိုး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးတို့က ဦးဆောင်ကြီးကြပ်၍ ကျောင်းပတ်ဝန်းကျင်ရှိ ခြုံနွယ် မြက်ပင်များ၊ စွန့်ပစ် အမှိုက်များ ရှင်းလင်းခြင်း၊ ခြင်များ ခိုအောင်းနိုင်မှု မရှိစေရန်နှင့် လေ ကောင်းလေသန့် ရရှိစေရန် ခြုံပင်များ၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းများ ရှင်းလင်းခြင်း၊ ရေဗွက်အိုင်ငယ်များ မြေဖို့ခြင်းစသည့် လုပ်ငန်းများကို ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး အတွက် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ယနေ့ သန့်ရှင်းဆောင်ရွက်ခဲ့သည့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသည် နမ့်ခမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အနက် ကျောင်း သားအများဆုံး တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် ကျောင်းဖြစ်သဖြင့် ကျောင်းကျန်းမာရေး၊ ကျောင်းသန့်ရှင်းသာယာလှပရေး၊ အောင်ချက်မြင့်မားရေး၊ ကျောင်းသားများ ဘက်စုံထူးချွန်ရေးတို့ကို အထူးအလေးထား ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
ကျောင်းပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းများ၊ ဆရာ/ဆရာမများနှင့် ရပ်ကွက်ပြည်သူများ စုစုပေါင်း (၁၀၀) ဦးခန့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)