မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်နေသည့် ပြည်သူများအတွက် မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သန့်ရှင်း သော သောက်သုံးရေ ရရှိရေး ဖြန့်ဝေပေး

ရသေ့တောင်  မေ ၂၇

ရခိုင်ပြည်နယ်၊ စစ်တေခွရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ် ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ယနေ့ နံနက်ပိုင်းက ရေသန့်စင်ကားဖြင့် သန့်ရှင်းသော သောက်သုံးရေများကို ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာနှင့် ပြားချောင်းကြီးကျေးရွာ များရှိ ဒေသခံပြည်သူများအား ရေသန့်များအား ဖြန့်ဝေပေးခဲ့သည်။

ရသေ့တောင်မြို့နယ်အတွင် နွေရာသီရေ ရှားပါးမှုကြုံနေရပြီး မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကန်အများစုမှာ ဆားငံရေဝင်သွားခြင်းကြောင့် သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါသည်။ ယခုအခါ ရသေ့တောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးပြီး ရေသန့်စင်ကား (၂)စီးဖြင့် မြို့ပေါ် ရပ်ကွက် (၄)ကွက်ရှိ ပြည်သူများ၊ ယာယီနေရပ်စွန့်ခွာသူများ၊ လေဘေးဒါဏ်သင့်ပြည်သူများထံသို့ ၂၂.၅.၂၃ ရက်နေ့မှ သောက်ရေများ စတင်ဖြန့်ဝေခဲ့ရာ ယနေ့ အချိန်ထိ ရေဂါလံပေါင်း (၂၆၀၃၀)ဂါလံကို အကျိုးပြုပြည်သူ (၁၁၇၆၀၉) ဦးတို့အတွက် ဖြန့်ဝေနိုင်ခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ရသေ့တောင် (ပြန်ဆက်)