ပြင်ဦးလွင် မေ ၂၇
ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ အခြေခံပညာစာကျောင်းများအား သန့်ရှင်း၍စိမ်းလန်းစိုပြေပြီး ဥပဓိရုပ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်လျက်ရှိရာ ပြင်ဦးလွင်တပ်နယ်မှူးဗိုလ်ချုပ်စိုးမြတ်ထွဋ်ဦးဆောင်သော ပြင်ဦးလွင်တပ်နယ်မှတာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မေလ ၂၇ ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများနှင့် ဆရာ/ဆရာမများက စာသင်ကျောင်းစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေကြမှုများနှင့် ခြင်ကြားမပေါက်ပွားစေရေးအတွက် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြင်ဦးလွင်တပ်နယ်မှူးနှင့် တာဝန်ရှိသူများက စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့်ကိုက်ညီမှုရှိပြီး စိမ်းလန်းစိုပြေ၍ သန့်ရှင်းသာယာလှပမှုရှိစေရန်၊ ကျောင်းအကျိုးပြုလုပ်ငန်းများနှင့်ပတ်သက်၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး စာသင်ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်း၏လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပြင်ဦးလွင်ခရိုင်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် အခြေခံပညာစာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယနေ့စုပေါင်းသန့်ရှင်းရေးတွင် ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်သား(၂၀၀)ဦး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ အင်အား(၁၀၀) ဦး ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များမှ(၂၆၅)ဦး စုစုပေါင်း(၅၆၅)ဦးတို့က စုပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)