မိုးညှင်း မေ ၂၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ပေါ်ရပ်ကွက်များနှင့် ထိစပ်လျက်ရှိသည့် ပင်မရေနုတ်မြောင်းကြီးအား ရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်(၉)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် နှစ်စဉ်မိုးတွင်းကာလ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသော ဟဲလုံ-ပျော်ဘွယ်-စက်ကုန်း-အုတ်ကျင်းရပ်ကွက်တို့နှင့် ထိစပ်လျက်ရှိသည့် ပင်မရေနုတ်မြောင်း အရှည်ပေ (၃၉၅၀)အား ရေကြီးရေလျှံမှုများမဖြစ်ပေါ်လာစေရေးနှင့် ရေစီးလမ်းကြောင်း ကောင်းမွန်လာစေရေးအတွက် ပင်မမြောင်းကြီးအတွင်းရှိ ပိတ်ဆို့နေသော အမှိုက်သရိုက်များ၊ သစ်ပင်ခြုံနွယ်များနှင့် အကိုင်းအခက်များကို မေလ(၂၅)ရက်မှစတင်၍ စက်ယန္တရားဖြင့် ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းဆောင်ရွက်သည့်နေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှု အမှုဆောင်အရာရှိ ဦးတင်ရှိန်၊ တာဝန်ခံအင်ဂျင်နီယာနှင့် စည်ပင်သာယာရေးကော်မတီဝင်များက လိုက်လံကြည့်ရှုစစ်ဆေးကြပြီး လုပ်ငန်းအမြန်ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ မေလ(၈)ရက်မှ(၁၃)ရက်ထိ မိုးညှင်းမြို့ပေါ်ရပ်ကွက်ရှိ နားခါရပ်ကွက်နှင့် ရန်ကင်းရပ်ကွက်တို့ ထိစပ်လျက်ရှိသော ရေနုတ်မြောင်း အရှည်ပေ(၄၆၀၀)အား မြောင်းရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)