ရန်ကုန် မေ ၂၇
“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ အနာဂတ်လူငယ်များပညာရေးအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများကို မကြာမီဖွင့်လှစ်သင်ကြားတော့မည်ဖြစ်ရာ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာဗိုလ်တထောင်ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးက ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဌေးမူက လှူဒါန်းပစ္စည်းများနှင့် ပညာရေးဝန်ကြီးဌာနမှ ဖြန့်ဝေသော အခမဲ့ပစ္စည်းများစာရင်းကို ကြေညာခဲ့ပြီးနောက် အဆိုပါပစ္စည်းများအား ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများအား တာဝန်ရှိသူများက အသီးသီးပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်း(၃)ကျောင်းနှင့် မူလတန်းကျောင်း(၁၂)ကျောင်းတို့တွင် ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများသို့ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့်ပစ္စည်းများမှာ ပုံနှိပ်စာအုပ် (၁၆၈၀၁) စုံ၊ ဗလာစာအုပ် (၅၄၅၅) ဒါဇင်၊ ခဲတံ (၇၁၅) ဒါဇင်၊ ဘောပင် (၂၀၄၀) ချောင်းနှင့် ကျောင်းဝတ်စုံ (၄၈၄၄) စုံ စသည်တို့ဖြစ်ကြောင်း သိရသည်။
ဒေါပုံ(ပြန်/ဆက်)