ပုဏ္ဏားကျွန်း မေ ၂၇
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် ဘေးဒုက္ခအန္တရာယ်အပေါင်းတို့အား အမြန်ဆုံးလွတ်မြောက်ကြစေရန်ရည်ရွယ်၍ ဆရာတော်၊ သံဃာတော်အပေါင်းတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပုဏ္ဏားကျွန်းမြို့ မြို့မပရိယတ္တိကျောင်းတိုက်၊ သုခါဝါသ ကျောင်းတော်ကြီး မြေညီထပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်နယ်မြေခံ တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ ထိုနောက် မြို့မပရိယတ္တိကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော် သံဃာတော်တို့ထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ကို ဆွမ်းဆန်တော်နှင့်လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး ပြုပြုသမျှသော ကုသိုလ်ကောင်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေကာ ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)