မိုးနဲ မေ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော တရုတ်မျိုးအာလူး စိုက်ခင်းရိတ်သိမ်းခြင်းကို နမ့်မော်ဆွမ့်ကျေးရွာအုပ်စု တောင်သူ စိုင်းကောင်ခေး၏ ယာမြေနေရာတွင် ယနေ့နံနက်ပိုင်က ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
နွေအာလူးမျိုးအဖြစ် တရုတ်မျိုးကို အောင်ပန်းမြို့သို့ သွားရောက်ဝယ်ယူရာတွင် မျိုးတစ်ပိဿာ ၂၃၀၀ ကျပ်နှုန်းဖြင့် သုည ဒသမ ၅ ဧကအတွက် ပိဿာ ၂၅၀ ကို ဝယ်ယူ၍ ဖေဖော်ဝါရီလ တတိယပတ်တွင် စတင်ထွန်ယက်စိုက်ပျိုးထားပြီး ယခုမေလ နောက်ဆုံးပတ်တွင် ရိတ်သိမ်းခြင်းဖြစ်ကြောင်း၊ စတင်စိုက်ပျိုးချိန်တွင် မြေဩဇာအဖြစ် နွားချေး၊ ယူရီးယား၊ တီစူပါ၊ ပိုတက်နှင့် ရွက်ဖျန်းမြေဩဇာများကို အချိုးကျထည့်သွင်း စိုက်ပျိုးထားကြောင်း၊ ရိတ်သိမ်းချိန်မှာတော့ အာလူးများ ထွက်နှုန်းကောင်းပြီး ဈေးကတော့ တစ်ပိဿာ ၂၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချရကြောင်း၊ အာလူး သုည ဒသမ ၅ ဧက စိုက်ပျိုးထားရာ ပိဿာချိန် စုစုပေါင်း ၂၀၀၀ ကျော် ထွက်ရှိသဖြင့် မိသားစုစား၊ ဝတ် ၊နေရေးအတွက် အဆင်ပြေပြီး အပိုဝင်ငွေအဖြစ်လည်း ရရှိကြောင်း နောက်နှစ်မှာလည်း နွေအာလူးကို ဒီထက်ပိုပြီး တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တောင်သူ စိုင်းကောင်ခေးက ပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)