လားရှိုး မေ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ဘုရားကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်အထွဋ်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၆)နာရီက မန်ဆူစေတီတော်မြတ်ဘုရားကြီးတွင်ကျင်းပရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌဦးမျိုးကျော်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ လားရှိုးမြို့ ဇမ္ဗူအေးအေတီတပ်ဦးကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဥတ္တမ အရှင်သူမြတ်ထံမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးအမှူးပြုသော ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဥပသကာများက ပရိတ်ပန်း၊ပရိတ်ရေ၊ ပရိတ်ချည်တို့ကို ဆရာတော်အရှင်သူမြတ်တို့ထံ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များက ဆရာတော်ကြီးများထံ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်တကွ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။
ယင်းနောက် ဒုတိယပိုင်းအခမ်းအနားအစီအစဉ်အနေဖြင့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စေတီတော်အထွဋ်တင်ရန်အတွက် စေတီတော်မြတ်ကြီးအား လက်ျာရစ် သုံးပတ်ပတ်ကာ လှည့်လည်ပူဇော်ပြီး တိုင်းမှူးအမှူးပြုသော တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ဌာနဆိုင်ရာတာဝန်ရှိသူများက စေတီတော်အထွဋ်တွင် တင်လှူပူဇော်ကြကာ အခမ်းအနားကို ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်