နမ္မတူ မေ ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် သစ်တောပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ သစ်ပင် များ စိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကို တန်ဖိုးထား ချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလို စိတ်များ ဖြစ် ပေါ်လာစေရန် ရည်ရွယ်၍ မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၇)နာရီခွဲအချိန်က နမ္မလဘုန်းတော်ကြီးကျောင်းအနီး၌ ကျင်းပသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းက အမှာစကား ပြောကြားပြီး၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသက်ပိုင်ဇော်မိုးက သစ်ပင်များ ရှင်သန်ကြီးထွားလာအောင် စနစ်တကျ စိုက်ပျိုးနည်းစနစ်များအား သရုပ်ပြရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများကို စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်၍ ကျွန်းပင် ၂၅၀ပင်၊ ရေသင်းဝင် ၄၀၀ပင်၊ ယမနေ ၁၅၀ပင်၊ မယ်ဇလီ ၁၀၀ ပင်၊ ယူကလစ် ၁၀၀ ပင် ပျိုးပင်စုစုပေါင်း ၁၀၀၀ ပင်အား စနစ်တကျ စုပေါင်း စိုက်ပျိုးကြသည်။
အဆိုပါ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၅၀)ခန့် တက်ရောက်ပြီး စုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)