လမ်းမတော် မေ ၂၇
မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်း/ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုရရှိရန်၊ ကုန်သွယ်မှုလုပ်ငန်းများလုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့စေရန်နှင့် ကုန်သွယ်မှုမြှင့်တင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် ကုန်သည်စက်မှုအသင်းချုပ်ရှိ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကော်မတီ (၂/၂၀၂၂-၂၀၂၅) အစည်းအဝေးကိုယမန်နေ့တွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပထမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များမှ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ASEAN-BAC, EABC, GMS Business Council တို့နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ RCEP ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာကုန်သည်အသင်းများနှင့် တွေ့ဆုံဆွေးနွေးမှုဆိုင်ရာကိစ္စရပ်များ၊ ပြည်ပအဖွဲ့အစည်းများနှင့် MoU ရေးထိုးထားသည့် အခြေအနေများကို သုံးသပ်ဆွေးနွေးခြင်း၊ ကော်မတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးအကြံပြုခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမိုးကျော်၊ ဒေါ်သူဇာဝင်း၊ အတွင်းရေးမှူးဦးစိုးမင်းအောင်၊ တွဲဖက်အတွင်းရေး မှူး ဒေါ်စုစုတင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ကျော်ဆန်းမြင့်