မန္တလေး အောက်တိုဘာ ၇
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ဌာနပေါင်းစုံပါဝင်သော ကြီးကြပ်စစ်ဆေးရေးအဖွဲ့မှ ယနေ့နံနက် ၉နာရီခွဲက မြို့နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်း၊ ဧည့်ရိပ်သာနှင့် အင်းများဖွင့်လှစ်ဆောင်ရွက်နေမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးကြသည်။
ဌာနပေါင်းစုံပါဝင်သော ကြီးကြပ်စစ်ဆေးရေးအဖွဲ့သည် ယနေ့တွင် အောင်မြေသာစံမြို့နယ်အတွင်း ဖွင့်လှစ်ထား ရှိသော ဟိုတယ်၊ တည်းခိုခန်း၊ ဧည့်ရိပ်သာနှင့်အင်းများအနက်စုစုပေါင်း(၂၃)ခုတို့အား စစ်ဆေးခဲ့ကြပြီး ကျန်ရှိနေ သေးသည့် ဟိုတယ်၊ တည်းခိုခန်း၊ ဧည့်ရိပ်သာနှင့်အင်းများကို လည်း နောက်ရက်များတွင် ဆက်လက် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်တားဆီး နိုင်ရေးအတွက် ဟိုတယ်၊ တည်းခိုခန်း၊ ဧည့်ရိပ်သာနှင့် အင်းများအား ယာယီပိတ်သိမ်းထားရန် ဆုံးဖြတ်ထားမှုအပေါ်လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိတို့ကို စစ်ဆေး ဆောင်ရွက် ကြခြင်းဖြစ်သည်။
အဆိုပါ ဌာနပေါင်းစုံပါဝင်သော ကြီးကြပ်စစ်ဆေးရေးအဖွဲ့တွင် အောင်မြေသာစံမြို့နယ်မှမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီး ဌာနတို့ ပါဝင်သောပူးပေါင်းအဖွဲ့က စစ်ဆေး ကြခြင်း ဖြစ်ကြောင်းသိရသည်။
ဇော်လင်းဦး(အောင်စံ)