ပေါက်တော မေ ၂၇
မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည့် ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အသုံးပြုမည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ယမန်နေ့ နေ့လယ်ပိုင်းက တပ်မတော်ကမ်းထိုးရေယာဉ် အမှတ် ၁၇၁၈ ဖြင့် ပေါက်တောမြို့သို့ရောက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
အဆိုပါတပ်မတော်ကမ်းထိုးရေယာဉ်တွင် တင်ဆောင်လာသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို ဗိုလ်ကြီးဟိန်းလတ်က ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး လက်ခံရယူခဲ့သည်။
အဆိုပါ တပ်မတော်ကမ်းထိုးရေယာဉ်တွင် ပေါက်တောမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် သွပ် ၃၀၀ ချပ်၊ တာပေါ်လင်အမိုးအလိပ် ၅၀ လိပ်၊ တာပေါ်လင်အမိုးအထုတ် ၅၂ ထုတ်၊ သွပ်သံ၊ အိမ်ရိုက်သံ ၂၁၆ ဖာ၊ သွားတိုက်တံ ၃၄၅၀ ချောင်း ၊သွားတိုက်ဆေး ၉၀၀၀ ဘူး၊ ရေသန့်ဘူးခွံ ၅၀ ဘူး၊ ကြက်ဥ ၆၀၀၀ လုံး၊ မိုးကာတဲ(စိမ်း) ၁၆ ခု၊ ခေါက်ဆွဲခြောက် ၁၈၄ ဖာ၊ အိမ်သာခွက်/ပိုက် ၄၅၀ စုံ၊ ဓာတ်ဆား ၅၀၀၀ နှင့် အိမ်ဆောင်ပစ္စည်းအစုံပါကစ် ၃၀ တို့ပါဝင်ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)