ရန်ကုန် မေ ၂၇
မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများကို ထောက်ပံ့ကူညီနိုင်ရန်အတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ဟာသပညာရှင်များပူးပေါင်း၍ ရန်ပုံငွေပဒေသာကပွဲပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ်ကွက်၊ ဝင်္ကဘာလမ်း၊ အမှတ်(၁၆)ရှိမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ညှိနှိုင်းအစည်းအဝေးသို့ ရုပ်ရှင်အစည်းအရုံးနာယကများ၊ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့များ၊ ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံးနှင့် ဟာသပညာရှင်များ၊ တာဝန်ရှိဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ရန်ပုံငွေပဒေသာကပွဲကို ရုပ်ရှင်၊ ဂီတ၊ သဘင် ဟာသပညာရှင်များ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇွန် ၂ ရက်၊ ၃ ရက်နှင့် ၄ ရက်တို့တွင် အမျိုးသားကဇာတ်ရုံ(ရန်ကုန်)၌ ကပြဖျော်ဖြေကြမည်အတွက် လွန်စွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကော်မတီများကဏ္ဍအလိုက်စီစဥ်ဆောင်ရွက်နေမှုများကို အသေးစိတ်ရှင်းလင်းပြောကြားပြီးလိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ မီဒီယာများကလည်းကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင်ကူညီပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ဖျော်ဖြေရေးကြီးကြပ်အဖွဲ့တွင်ပါဝင်သော ဒါရိုက်တာများကဖျော်ဖြေရေးနှင့်ပတ်သက်၍ ကဏ္ဍအလိုက်စီစဉ်ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ လက်မှတ်ရောင်းချရေးအဖွဲ့ကလက်မှတ်ရောင်းချရေးနှင့် လက်မှတ်ဈေးနှုန်းသတ်မှတ်ရေးကိုလည်းကောင်း၊ လုံခြုံရေးအဖွဲ့ကလုံခြုံရေးနှင့်ပတ်သက်၍ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ပို့ဆောင်ရေးကော်မတီကပွဲကြည့်ပရိတ်သတ်များအတွက် ကားများစီစဥ်ထားရှိမှုများကိုလည်းကောင်း၊ အလှူခံနှင့်ပြန်ကြားရေးအဖွဲ့ကအလှူငွေနှင့် ပစ္စည်းများရရှိမှုအခြေအနေနှင့်ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကိုလည်းကောင်း၊ ကော်မတီများကအသီးသီးရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက်တက်ရောက်လာသူများက အကြံပြုဆွေးနွေးတင်ပြကြရာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥပဒေချုပ်က ကော်မတီများအလိုက်ဆောင်ရွက်နေမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းပေးကာလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
အဆိုပါပဒေသာကပွဲတွင်သတ်မှတ်ထားသည့်နေ့ရက်အလိုက် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ဟာသ၊ နယ်ပယ်အလိုက် နိုင်ငံကျော်အနုပညာရှင်များက လာရောက်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများကို ထောက်ပံ့ကူညီနိုင်ရန်အတွက်အလှူငွေနှင့် ပစ္စည်းများလက်ခံလျက်ရှိရာ ယနေ့အချိန်အထိအလှူငွေ(၃၀၂)သိန်း၊ သွပ်အချပ်(၅၀၀)နှင့် အဝတ်အထည်ပစ္စည်းများလာရောက်လှူဒါန်းထားကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)