ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ

ပန်းဘဲတန်း  မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊  ပန်းဘဲတန်းမြို့နယ်တွင်  ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန် နေ့ မွန်းလွဲ ၁၂ နာရီတွင် အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၁) ဧကရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး   မြို့နယ်ပညာရေးမှူး ဦးလှနီက အမှာစကား ပြောကြားရာတွင် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးစေဖို့  ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသတင်းပတ်အဖြစ် မေလ ၂၃ ရက်နေ့ မှ မေလ ၃၁ ရက်နေ့ထိ သတ်မှတ်ပြီး အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းအပ်နှံရာတွင် အခမဲ့ ပညာရေးစနစ်ဖြင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ ပေးလျက်ရှိကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၏ ပညာရေးသည် စနစ်သစ်ဖြစ်ရာ သင်ကြားပို့ချပေးမည့် ဆရာ၊ ဆရာမများမှာလည်း သင်ကြားရေးအတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း  ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အလှူရှင်များမှ လှူဒါန်းထားသော ​ဗလာစာအုပ်များ၊ ပေတံ၊ ခဲတံ၊ ခဲဖျက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာရဲမှ မြို့နယ်ပညာရေးမှူး ဦးလှနီထံသို့ ပေးအပ်လှူဒါန်း​ခဲ့ပြီး ကျောင်းသူလေးများမှ ပြည်မြန်မာသီချင်းဖြင့်  ကျောင်းအပ်နှံရေး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)