မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဘေးသင့်ပြည်သူများထံ အာဆီယံနိုင်ငံများမှပေးပို့သည့် အကူအညီပစ္စည်းများတတိယအသုတ် လွှဲပြောင်းလက်ခံ

ရန်ကုန် မေ ၂၇

မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံသို့ အာဆီယံနိုင်ငံများမှပေးပို့သည့် စုစုပေါင်းအမေရိကန်ဒေါ်လာ ခန့်မှန်း ၅၃,၀၀၀ ကျော် တန်ဖိုးရှိ အရေးပေါ်အကူအညီပစ္စည်းများ  တန်ချိန်စုစုပေါင်း ၁၆ တန်ခွဲကို သယ်ဆောင်လာသည့် World Cargo Airlines မှ လေယာဉ်သည် ယမန်နေ့နံနက် (၁၁ နာရီ ၄၀ မိနစ်)က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

ယခုတတိယအသုတ်အဖြစ် ရောက်ရှိလာသည့် အကူအညီပစ္စည်းများကို သဘာဝဘေးဆိုင်ရာ လူသားချင်းစာနာမှုအကူအညီများအတွက် အာဆီယံညှိနှိုင်းရေးဌာန (AHACenter)တာဝန်ရှိသူများရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနမှ တာဝန်ရှိသူများထံ လွဲပြောင်းပေးအပ်ခဲ့ပြီး၊ မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ဆက်လက်ပေးပို့နိုင်ရေး လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။

လာမည့်ရက်များတွင်လည်း အာဆီယံနိုင်ငံများ၏သဘာဝဘေးကူညီရေးပစ္စည်းများ ဆက်လက်ရောက်ရှိလာနိုင်ရန်ရှိပြီး ပထမအသုတ်၊ ဒုတိယအသုတ်၊ ယခုတတိယအသုတ်အပါအဝင် အကူအညီစုစုပေါင်း၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၆၅ သန်းခန့်ရှိမည်ဟု သိရှိရသည်။ အဆိုပါပစ္စည်းများကို အာဆီယံအရေးပေါ်ထောက်ပံ့မှုအစီအစဉ် (Disaster Emergency Logistics System) ၏ မလေးရှားနိုင်ငံ၊ ဆူဘန်းမြို့နှင့် ထိုင်းနိုင်ငံ၊ ချိုင်နတ်မြို့တို့ရှိ ဂိုဒေါင်များမှတစ်ဆင့် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားတပ်မတော်လေယာဉ်များဖြင့် စုစုပေါင်း ၁၉ ခေါက်ခန့် ကူညီသယ်ယူ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အာဆီယံ၏ One ASEAN, One Response မူအရ အာဆီယံနိုင်ငံများမှ မုန်တိုင်းဒဏ်သင့် ပြည်သူများထံ ပေးအပ်လှူဒါန်းထောက်ပံ့ခြင်းဖြစ်ပြီး၊ နိုင်ငံတော်အစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့် အကူအညီများပံ့ပိုးရာတွင် ဘေးသင့်ပြည်သူတစ်ဉီးတစ်ယောက်မျှ မကျန်ရှိစေရေးမူကို လက်ကိုင်ထား၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ ကြီးကြပ်မှုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ဝန်ကြီးဌာနအသီးသီးနှင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး၊ AHA Centre၊ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)