ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးလုပ်ငန်း မွန်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေး လူမှုရေးရာဝန်ကြီး တက်ရောက်

မော်လမြိုင် မေ ၂၇

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးလုပ်ငန်း မွန်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီး ကြပ်ရေးအဖွဲ့အနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ရန်ပုံငွေများကို စနစ်တကျ ထိန်းသိမ်းသုံးစွဲနိုင်ရန်၊ ရန်ပုံငွေကိုအသုံးပြုပြီး ECCD လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်စေရန်နှင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ထိရောက်စွာ ဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ (၂၆.၄.၂၀၂၃)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၃) ဖြင့် ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ခဲ့ကြောင်း၊ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးနိုင်ရန်အတွက် မိမိတို့၏ အတွေ့အကြုံ၊ အသိပညာ၊ ဗဟုသုတများအပေါ် အခြေခံပြီး အကြံပြုဆွေးနွေးပေးကြရန်နှင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေသုံးစွဲရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း မွန်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဥ်ဝင်းက ပြည်နယ်ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ တက်ရောက် လာကြသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်း မွန်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်သွင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)