ဘူးသီးတောင် မေ ၂၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် မြို့သန့်ရှင်းသာယာလှပရေးတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းမကြီးများပေါ်၌ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးရှင်းလင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ အင်အား(၁၅၀)ဦးခန့် ပူးပေါင်း၍အဖွဲ့(၃)ဖွဲ့ခွဲကာ မြို့ပေါ်ရပ်ကွက်လမ်းမကြီးတစ်လျှောက်ရှိ မိုခါမုန်တိုင်းကြောင်းလဲကျနေသော သစ်ပင်၊ သစ်ကိုင်း၊ သစ်ခက်အမှိုက်များကို ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ကာ စနစ်တကျစွန့်ပစ်ခဲ့ကြသည်။
ဘူးသီးတောင်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းကာ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)