ဒဂုံဆိပ်ကမ်း မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ယနေ့မွန်းလွဲ(၁)နာရီက ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးမဥ္ဇူက ပြောကြားရာတွင်နှစ်စဉ် မေ ၃၁ ရက်သည် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ဖြစ်ပါကြောင်း၊ ဆေးလိပ်တွင်အဓိကပါဝင်သော နီကိုတင်းဓာတ်နှင့်ဆေးလိပ်မီးခိုးထဲတွင်ပါဝင်သော ဓာတုပစ္စည်းများသည် လူတို့အတွက် ကင်ဆာရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ အဆုတ်ရောဂါနှင့် ခံတွင်းကင်ဆာရောဂါတို့ ဖြစ်ပွားနိုင်ကြောင်း၊ မူးယစ်ဆေးအစဆေးလိပ်ကဟုဆိုထားရာ ဆေးလိပ်သောက်ခြင်းသည် မူးယစ်ဆေးစွဲသော လမ်းကြောင်းပေါ်သို့ ရောက်စေနိုင်ကြာင်း၊ ကမ္ဘာပေါ်ရှိလူသားများက ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်၍ ကျန်းမာကြံ့ခိုင်သော ပတ်ဝန်းကျင်ကိုလူသားများတည်ဆောက်ရန် ရည်သန်ကာ မေ ၃၁ ရက်ကို ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူးဒေါ်စန္ဒာက ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နှစ်စဥ်လူဦးရေ ရှစ်သန်းကျော်သည် နာတာရှည်ရောဂါ မျိုးစုံဖြစ်ပွား၍ သက်တမ်းစေ့မနေရဘဲ သေဆုံးလျက်ရှိကြောင်း၊၎င်းတို့အနက် ၁ ဒသမ ၂ သန်းခန့်သည် သူတစ်ပါး၏ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံရှုရှိုက်ရသည့်အတွက်ကြောင့် ရောဂါများဖြစ်ပွား၍ သေဆုံးနေရပါကြောင်း၊ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ