နေပြည်တော် မေ ၂၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်ယာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်စည်ပင်ယာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် မြို့မိ၊မြို့ဖများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ကန်တော်မင်္ဂလာရှမ်းကန်ရေလယ်ဘုရားကျောင်းဆောင် ပြန်လည်တည်ဆောက်ရေး၊ ကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင်သန့်ရှင်းသာယာမှုရှိစေရေးအတွက် ဆောင်ရွက်နေသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေလယ်ဘုရားကျောင်းဆောင် တည်ဆောက်နိုင်ရေးလုပ်ငန်းများကို အရည်သွေးပြည့်ဝစွာဖြင့် အချိန်မီပြီးစီးရေးကို ဌာနဆိုင်ရာများနှင့် မြို့မိ၊ မြို့ဖများက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ကန်ပတ်လမ်းတစ်လျှောက် အရိပ်ရသစ်ပင် ပန်းပင်များစိုက်ပျိုးနိုင်စေရေးနှင့် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)