မိတ္ထီလာ မေ ၂၆
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက အမှာစကား ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ဒေါက်တာအောင်မျိုးကျော်က Grade-12 ပညာရေးစနစ်သစ်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် ပညာသင်ယူကြမည့် ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ရာ ကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသူ မအေးသဇင်မျိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ၎င်း ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲတွင် ကျောင်းသားကျောင်းသူ ၇၈ ဦးကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)