စဉ့်ကူးမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

စဉ့်ကူး  မေ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က အဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က “မျက်စိကိုဖွင့်နားကိုစွင့်လျက် မုန်တိုင်းကိုအံတုကြပါစို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၀ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိပြီး မေလ ၁၁ ရက်နေ့မှစ၍ အဆင့်ဆင့် ရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတမ်းသို့ ရွှေ့လျားရောက်ရှိကာ မုန်တိုင်းကျရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ  ထုတ်ပြန်ခဲ့မှုများ အကြောင်း၊ နိုင်ငံတော်အနေဖြင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီများ အဆင့်ဆင့်ဖွဲ့စည်း၍ သဘာဝဘေးကို ရင်ဆိုင်နိုင်ရေး ကြိုတင် ပြင်ဆင်ခဲ့မှုများအကြောင်း၊ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်မှု အခြေအနေမြင့်မားသည့် နိုင်ငံများထဲတွင် ပါဝင်နေသောကြောင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ရင်ဆိုင်နိုင်ရေးအတွက် သတိဖြင့်နေထိုင်ခြင်း၊ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခြင်း၊ နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းတို့ဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ရေး စသည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက မိမိတို့၏အမြင်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စဉ့်ကူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)