သာကေတ မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများ၊ ပုဂ္ဂလိကပညာရေးကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းဖွင့်ချိန်တွင် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့စီမံကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ သာကေတမြို့နယ်အတွင်းရှိ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂၁)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂)၊(၄)၊(၆)အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာကမ္ဘာနှင့်တော်ဝင်ကိုယ်ပိုင်အထက်တန်းကျောင်း၊ မှန်ကင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သာကေတမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၆)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၆)ကျောင်း၊ အခြေခံပညာအလယ်တန်း(ခွဲ)(၁)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၄၅)ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ပညာရေးကျောင်း(၈)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၇)ကျောင်း စုစုပေါင်း(၇၃)ကျောင်းများတွင် ကျောင်းဖွင့်ချိန်တွင်သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာပညာ သင်ကြားနိုင်ရေးအတွက်(abate)အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများအား တာဝန်ရှိသူများမှပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)