ငါန်းဇွန် မေ ၂၆
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့ ရတနဃရ သာသနဗိမာန်တော်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီခွဲက အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္က ဒေါ်မြင့်မြင့်ခိုင်က ကလေးငယ်များကို အခြေခံကိုယ်ကျင့်တရားကောင်းများ သိရှိလိုက်နာကျင့်သုံးတတ်စေရန်၊ (၃၈)ဖြာ မင်္ဂလာတရားတော်နှင့်အညီ ပြုမူနေထိုင်တတ်စေရန်ရည်ရွယ်၍ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ဗုဒ္ဓသာသနံ စိရံတိတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မိသားစုစည်းရုံး ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်တန်းကာလမှာ မေလ ၂၆ရက်နေ့မှ ၂၉ရက်နေ့အထိ နေစဉ် နံနက် ၉နာရီမှ ၁၁နာရီအထိ ဖြစ်ပြီး သတင်တန်းနည်းပြဆရာမ (၃)ဦးမှ မြို့ပေါ်ရပ်ကွက်များမှ သင်တန်းတက်ရောက်ကြသော အခြေခံ ပညာမူလတန်းကျောင်းသားကျောင်းသူ (၁၀၀)ဦးအား ဘုရားရှိခိုးခြင်း၊ ဆွမ်းတော်၊ ရေတော်၊ ပန်းတော်၊ ဆီမီးတော် ကပ်လှူခြင်း၊ အနန္တစကြာဝဠာ မေတ္တာပို့ခြင်း၊ ဆုတောင်းခြင်းနှင့် အမျှဝေခြင်း၊ ဗုဒ္ဓဝင်အကျဉ်း၊ ရတနာ(၃)ပါးကျေးဇူး၊ ကံ ကံ၏အကျိုး၊ ဒုစရိုက်၊ သုစရိုက်နှင့် ပညာကြိယာဝတ္ထု၊ စသည့်သင်ခန်းစာများကို သင်ကြားပို့ချခြင်း၊ ပြန်လည်ဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)