မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မိုးကောင်း မေ ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံ ရေးနေ့အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမဉ္ဇူသကခန်းမ၌ မေ (၂၆) ရက် နံနက် (၁၀) နာရီတွင်ကျင်းပသည်။

အခမ်းအနားကို အ.ထ.က (၂) ကျောင်းသားကျောင်းသူများမှ ပြည်မြန်မာတေးသီချင်းဖြင့်သီဆို ဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်သည်များကို ဆွေးနွေးတင်ပြ သည်။

ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ပညာတတ်များ၊ အသိပညာရှင် အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များဖြင့်သာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင် ရာတွင် ပညာတတ်သောနိုင်ငံသားလူသားအရင်းအမြစ်သည် အဓိကဖြစ်၍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ပညာကိုအဓိကသင်ယူစေလိုကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ကျောင်းအပ်နှံရေးအခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တက်ရောက်လာ သောဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးအပ်သော ပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသားကျောင်းသူများအား ပေးအပ်ခဲ့သည်။

မိုးကောင်းမြို့နယ် အခြေခံပညာကျောင်းများတွင် မေလ (၂၃) ရက်မှ (၃၁) ရက်ထိ ကျောင်းအပ် နှံရေး ရက်သတ္တပတ်အဖြစ် ဆောင်ရွက်လျှက်ရှိရာ မေလ (၂၅) ရက်နေ့ထိ ကျောင်အပ်နှံသူစုစုပေါင်း (၁၃၈၄၇) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး (ပြန်/ဆက်)