ကလော အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားမှု ကိုမြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ယနေ့နံနက် ၁၀ နာရီခန့်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် သက်ဆိုင်ရာမဲဆန္ဒနယ်မြေများတွင် ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများ၌ မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက် အလက်များ မှားယွင်းနေပါကပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများ ပြင်ဆင်၊ တောင်းဆိုမှု ၊ ကန့်ကွက်မှုများကို ကြေညာသည့်ရက်များအတွင်း ဆောင်ရွက်နိုင်ကြောင်း၊ ပုံစံများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်စီစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကလောမြို့နယ်အတွင်း ရပ်ကွက် (၂၈) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၆) အုပ်စု၌ ဒုတိယ အကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင် စာရင်းတွင် မဲပေးနိုင်သည့်မဲဆန္ဒရှင်ဦးရေ (၁၃၅၈၁၂)ဦး ရှိပြီးမဲဆန္ဒနယ် အမှတ်(၁)တွင်မဲရုံပေါင်း(၇၁) ရုံ၊ မဲဆန္ဒနယ်အမှတ်(၂)တွင် မဲရုံပေါင်း(၇၀)ရုံ ကလောမြို့နယ်အတွင်း စုစုပေါင်းမဲရုံ (၁၄၁)ရုံ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
သင်းသင်းမော် (ပြန်/ဆက်)