တန့်ယန်းခရိုင် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တန့်ယန်း မေ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီက ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။

အဆိုပါ စီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်နှင့်မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းညှိနှိုင်းကာ ပေါင်းစပ်ဆောင်ရွက်ရန်အတွက်လည်းကောင်း၊ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများအတွက် စီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မြို့သန့်ရှင်းသာယာလှပရေးအား ဝိုင်းဝန်းဆောင်ရွက်ရေး၊ နိုင်ငံစီးပွားမြှင့်တင်ရေးစိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များနှင့် လူ့စွမ်းအားအရင်းအမြစ်များအတွက် ပညာရေး၊ ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များ၊ သစ်တော၊ ရေအရင်းအမြစ် အသုံးချရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းတာဝန်များကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများအား တာဝန်ပေးအပ်သည်။

ယင်းနောက် တန့်ယန်းခရိုင်အတွင်းရှိ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)