ပြင်ဦးလွင် မေ ၂၆
မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို မေ ၂၃ ရက်နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိရာ ပြင်ဦးလွင်ခရိုင်ရှိ အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေးဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်းထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရေးသီတင်းပတ်၏ တတိယနေ့ဖြစ်သည့် ယမန်နေ့အထိ ပြင်ဦးလွင်ခရိုင်ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၃၄၂၇၃ ဦးရှိပြီး ကျောင်းအပ်နှံမှု ၇၀.၁၄ ရာခိုင်နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူး၏ ပြောကြားချက်အရ သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သဖြင့် ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ မေ ၃၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ပေးနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဖြူလူသစ်