ပေါင်မြို့နယ်၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပေါင် မေ ၂၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.ထ.က(ပေါင်)ရွှေရတုခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထင်လင်းအောင်က ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းနေနိုင်ရေး၊ အကြောင်းကြောင်းကြောင့် ကျောင်းစာသင်ကျောင်းနှင့် အလှမ်းကွာနေကြသူများအား စာသင်ခန်းအတွင်းရောက်ရှိအောင် စည်းရုံးဆောင်ရွက်ကြရေး ဆွေးနွေးအမှာစကားပြောကြားသည်။

ယင်းနောက် မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးက KG တန်းမှ Grade(12)အထိ ကျောင်းသားကျောင်းသူများအား နိုင်ငံတော်မှ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံစသည့်များအပြင် မူလတန်းကလေးများအတွက် ကျောင်းဝတ်စုံများထောက်ပံ့ပေးနေမှု၊ တိုင်းရင်းသားတို့အတွက် ကျောင်းစာပေအပြင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုများ ဆက်လက်သင်ကြားပေးသွားမည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမိအိုင်းပရောနွန်ရော့က ကျောင်းစဖွင့်သည့်ရက်မှစတင်ကာ အသက် ၅ နှစ်အရွယ်မှ ၁၂ နှစ်အရွယ်အထိ ကလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးသွားမည့် အစီအစဉ်တို့ကို ရှင်းလင်းပြောကြားသည်။

ပေါင်မြို့နယ်တွင် အခြေခံပညာကျောင်း စုစုပေါင်း(၁၆၄)ကျောင်းတို့၌ မေလ(၂၃)ရက်နေ့မှစတင်၍ ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး မေလ (၂၅)ရက်နေ့အထိ အထက်တန်း(၈၁၀)ဦး၊ အလယ်တန်း(၂၉၃၂)ဦး၊ မူလတန်း(၂၅၄၆၈)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၂၉၂၁၀)ဦး ကျောင်းအပ်နှံပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)