၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သံဖြူဇရပ်မြို့နယ်၌ မြိုနယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

သံဖြူဇရပ် မေ ၂၆

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌  ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က"ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးသူငယ်တိုင်း ကျောင်းအပ်နှံရေးအခွင့်အလမ်းများ တိုးတက်ရရှိစေရန်နှင့် ကျောင်းအပ်နှံမှု မြင့်မားစေရန် ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း မတ် ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းနေအ ရွယ်ကလေး အားလုံးအပြည့်အဝ လာရောက်ကျောင်းအပ်နှံကြစေရေး အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်အေးက ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ​ရခြင်း၏ ရည်ရွယ်ချက်နှင့်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံထားမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

သံဖြူဇရပ်မြို့နယ်အနေဖြင့် ကျောင်းစတင်အပ်နှံသည့် မေ၂၃ ရက်နေ့မှ  ယနေ့ထိ ကျောင်းအပ်နှံထားပြီးသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၁၀၂)ဦးရှိပြီး၊ ပညာရေးဝန်ကြီဌာနမှထောက်ပံ့သော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကရိယာများနှင့် ကျောင်းဝတ်စုံများပေးအပ်ခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်တွင် အခြေခံပညာကျောင်းများသို့ အလှူရှင်စေတနာရှင်များမှ လှူဒါန်းသော အလှူငွေ စုစုပေါင်း ၁၂၄ သိန်းကို အလှူရှင်များကပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် တာဝန်ရှိသူများမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ​ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)