သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများက စုပေါင်း၍ ပြင်ဦးလွင်မြို့တွင် မီးပုံးပျံဖြင့် မျိုးစေ့မြေဆွေးလုံး/ သစ်စေ့မြေလုံး (Seedballs) များ ကြဲချစိုက်ပျိုးရန်စီစဉ်နေကြောင်း သိရ

ပြင်ဦးလွင် မေ ၂၆

သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းသည် ကမ္ဘာမြေကျန်းမာစွာ ကြာရှည်တည်တံ့စေရေးအတွက် အရေးကြီးသောလုပ်ငန်းတစ်ရပ်ဖြစ်သည်နှင့်အညီ မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အား Green City ဖြစ်စေရေး သက်ဆိုင်ရာဌာနဆိုင်ရာများအားလုံးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့  မျိုးစေ့မြေဆွေး လုံး/သစ်စေ့မြေလုံး (Seedballs) စုစုပေါင်းနှစ်သိန်းနီးပါးကို မီးပုံးပျံသုံးလုံးဖြင့်ချိတ်ဆွဲကာ ကြဲချစိုက်ပျိုးရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း Green Challenge Association အဖွဲ့၏ ဥက္ကဋ္ဌဦးအောင်မျိုးပိုင်၏ ပြောကြားချက်အရသိရသည်။

Green Challenge Association အဖွဲ့သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပြင်ဦးလွင်မြို့ရှိ သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများနှင့် ကြက်ခြေနီတပ်ဖွဲ့ ဝင်ဟောင်းများ ပူးပေါင်းပါဝင် ဖွဲ့စည်းထားသည့် အသင်းအဖွဲ့တစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ်မှစတင်ကာ အပင်များအား စိုက်ပျိုးထိန်းသိမ်းခြင်းအပြင် နည်းလမ်းမျိုးစုံဖြင့် မျိုးစေ့မြေဆွေးလုံး/သစ်စေ့မြေလုံး (Seedballs) များ ကြဲချစိုက်ပျိုးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုနှစ် ၂၀၂၃ ခုနှစ်  Green Challenge Association (GCA) ၏ သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးနှင့် မျိုးစေ့မြေဆွေးလုံးကြဲချခြင်း လုပ်ငန်းစီမံချက်အရ လာမည့် ဇူလိုင် ၂ ရက်နေ့မှစတင်ကာ စက်တင်ဘာလအထိ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးပုံးပျံတစ်လုံးစီ၌ မျိုးစေ့မြေဆွေးအလုံး ၁၅၀၀၀ ဝန်းကျင်နှင့် မျိုးစေ့အလွတ် အစေ့ ၅၀၀၀၀ ဝန်းကျင် ကြဲချစိုက်ပျိုးသွားမည်ဖြစ်ပြီး မန္တလေး-ပြင်ဦးလွင်လမ်း ၁၉ မိုင် မီးသတ်ကွေ့ဘုရားအနီးပတ်ဝန်းကျင်၊ ပြင်ဦးလွင်-ကျောက်ဆည်လမ်း သံတောင်ကျေးရွာမှ ကဗျူးရွာအကြား တောင်ပေါ်လမ်း တလျှောက်နှင့် ဆင်ဖြူအင်းကျေးရွာ၊ သာစည်တောင် ဆင်ဖြူရှင်ဘုရား ပတ်ဝန်းကျင်တို့၌ ကြဲချစိုက်ပျိုးသွားရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ဖြူလူသစ်