တပ်ကုန်း မေ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် လစ်လပ်သွားသော မြို့နယ်သံဃနာယက အဖွဲ့အစည်း အစားထိုး ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။
အဆိုပါ ရွေးချယ်ပွဲတွင် လယ်ဝေးမြို့နယ်၊ နောင်ဘိုဂိုဏ်းထောက်ကျောင်းတိုက် (နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ဝင်) အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသုစိတ္တဆရာတော်၊ ဗောဓိ ပက္ခိယကျောင်းတိုက် (နေပြည်တော် တိုင်းသံဃာ့ဝန်ဆောင်) မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဥတ္တမ သာရဆရာတော်တို့က သဘာပတိ၊ ပျဉ်းမနားမြို့နယ် မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက် (နေပြည်တော် တိုင်းသံဃာ့ဝန်ဆောင်) ဂန္တဝါစကပဏ္ဍိတ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကိတ္တိ သာရ ဆရာတော်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
တပ်ကုန်းမြို့နယ်တွင် လစ်လပ်သွားသော မြို့နယ်သံဃနာယကအဖွဲ့အစည်း အစားထိုးရွေးချယ်ရာတွင် တက်ရောက်လာသည့် ဆရာတော်၊ သံဃာတော်များမှ လုပ်ထုံးလုပ်နည်းများအတိုင်း အောင်ဇေယျရပ်ကွက်၊ မြို့လယ်သာသနဝေပုလ္လကျောင်းတိုက်မှ ဘဒ္ဒန္တခေမိန္ဒဆရာတော်အား ရွေးချယ်ခဲ့ပြီးနောက် နေပြည်တော်တိုင်းသံဃာ့ဝန်ဆောင်အဖြစ် ဆက်လက်၍ ရွေးချယ်ခဲ့ရာ ဆရာစံရပ်ကွက်၊ မဟာသီဟနာဒကျောင်းတိုက်မှ ဘဒ္ဒန္တပဏ္ဍိတာသီရိဆရာတော်အား ရွေးချယ်ခဲ့ပြီး၊ သဘာပတိဆရာတော်က မြို့နယ်သံဃနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော်များ အမည်စာရင်း နှင့် နေပြည်တော်တိုင်းသံဃာ့ဝန်ဆောင် ဆရာတော်အမည်စာရင်းများ ဖတ်ကြားအတည်ပြုကာ နိဂုံးချုပ်ဩဝါဒကထာမိန့်ကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင့်စွာကျင်းပခဲ့ကြောင်းသိရပြီး၊ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်စိုးလွင်