၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ဒေသအဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတက်ရောက်

ပင်းတယ မေ  ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဒေသအဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “မြန်မာ့ကျောင်း”  သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်တည်ဆောက်ရေးမှာ ပညာရေးကဏ္ဍဟာ အရေးကြီးသည်နှင့်အညီ နိုင်ငံတော်နှင့် ပညာရေးကဏ္ဍ ရည်မှန်းချက်များပေါက်မြောက်အောင် ဆရာ/ဆရာမ များ၏ အခန်းကဏ္ဍသည်လည်း လွန်စွာမှပင်အရေးကြီးပါသည်။ ထို့ကြောင့် “ဆရာကောင်း တပည့်ပန်း ကောင်းပန်” ဆိုသည့် အတိုင်း တပည့်များပန်းကောင်းပန်နိုင်ဖို့ ဆရာကောင်းများဖြစ်ဖို့လိုအပ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ရောက်ရှိရေး ကျောင်းနေနိုင်ရေးကိုလည်း ဆရာ၊ မိဘအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏အကျိုး၊ မိမိတို့ဒေသ၊ မိမိတို့ မြို့နယ် အကျိုးစီးပွား တိုးတက်ရေးအတွက် မျှော်လင့်ထားပြီး ကျောင်းသားလူငယ်များကို နိုင်ငံတော်ချစ်စိတ်၊ မျိုးချစ် စိတ်များရှိလာစေရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများဖြစ်လာစေရန်၊ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာသူများဖြစ်လာစေရန်နှင့် တိုင်ရင်းသားအချင်းချင်းယဉ်ကျေးမှု ဓလေ့ထုံးစံ ဘာသာတရားများကို အပြန်အလှန်လေးစားတန်ဖိုးထားပြီး လောကကောင်းကျိုး သယ်ပိုးသူများ ဖြစ်လာစေရန် လေ့ကျင်သင်ကြားပေးပြီး နိုင်ငံတော်က အားကိုးအားထားပြုရသော သားကောင်း၊ သမီး ကောင်းများ ဆက်လက်မွေးထုတ်ပေးသွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်မှထောက်ပံ့ပေးသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ခဲတံနှင့် ဘောပင်များအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းကပေးအပ်ခဲ့ရာ ဒေသပညာရေးမှူး ဦးခင်ဇော်ထွန်းက လက်ခံရယူခဲ့သည်။ ယင်းနောက် မြသုခငွေစုငွေချေးအသင်းမှ ငွေကျပ် (၅)သိန်းနှင့် GEC ပညာရေးအသင်းမှ ငွေကျပ် (၂)သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြရာ ဒေသပညာရေးမှူး ဦးခင်ဇော်ထွန်းမှ လက်ခံရယူခဲ့ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးကာလတွင် မေလ ၂၃ ရက်နေ့မှ ယနေ့အထိ ပင်းတယမြို့နယ်၌ ကျောင်းအပ်နှံမှု (၈၄ ဒသမ ၈)ရာခိုင်နှုန်း၊ ရွာငံမြို့နယ်၌ ကျောင်းအပ်နှံမှု (၇၂ ဒသမ ၃)ရာခိုင်နှုန်း အပ်နှံပြီးဖြစ်ကြောင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျောင်းအပ်နှံမှုရာခိုင်နှုန်းမှာ (၇၈ ဒသမ ၅) ရာခိုင်နှုန်းအပ်နှံပြီးဖြစ်ကြောင်း ဒေသပညာရေးမှူးထံမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)