မြောက်ဦးမြို့၌ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မြောက်ဦး  မေ ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ကျောက်ရာဇ်ကေရပ်ကွက်၊ ရပ်ကွက်ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီအချိန်က အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြောက်ဦးခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန  ခရိုင်ဦးစီးမှူး ဒေါ်ပန်းကြာမုံမှ  အဖွင့်အမှာစကားပြေကြားရာ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်အတွက် ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းသူများသည် စိတ်ဝင်တစား လေ့လာသင်ယူတဲ့အတွက် ဒေသအကျိုးနှင့် နိုင်ငံတော်အကျိုးကို အုပ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပါဝင်ထမ်းဆောင်ရင်း အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထူထောင်နိုင်အောင် ကြိုးပမ်းသွားကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းဆင်း အောင်လက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် အိမ်သုံးဆပ်ပြာရည်အမျိုးမျိုးကို သင်တန်းသူ (၂၀) ဦးတို့မှ တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလတွင်လည်း (၂၂-၅-၂၀၂၃) ရက်နေ့မှ (၂၆-၅-၂၀၂၃) ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသူများထဲမှ ဆပ်ပြာရည်အမျိုးမျိုး လုပ်ကိုင်လိုသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)