ဟိုပန် မေ ၂၆
"၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဖူဆယ်ဘောလုံးအားကစားဖံွ့ဖြိုးတိုးတက်စေရန် အတွက် မေလ(၁၈) ရက်နေ့က စတင်ကျင်းပခဲ့သည့် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ် ဘောလုံးအား ကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ(၄) နာရီက A 21 ဖူဆယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ဗိုလ်လုပွဲစဉ်အဖြစ် U(18)အသင်းနှင့်မိန်းပန်း‘၀’အသင်းတို့က ယှဉ်ပြိုင်ကစားကြရာ U(18) အသင်းက မိန်းပန်း‘၀’အသင်းကို ငါးဂိုးတစ်ဂိုးဖြင့်အနိုင်ရရှိဗိုလ်စွဲခဲ့ပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးသန္တာဦး၊ စည်ပင်သာယာရေးဌာနမှ အမူဆောင်အရာရှိ ဦးနိုင်မျိုးဦး နှင့် မြို့နယ်မီးသတ်ဉီးစီးမှူး ဦးစိန်ခိုင်တို့က ဂိုးသမားအကောင်းဆုံးဆု၊ ဂိုးသွင်း အများဆုံးဆု၊ ဒုတိယဆု ရရှိသည့် မိန်းပန်း‘၀’အသင်းနှင့် ပထမဆု ရရှိသည့် U 18 အသင်းများနှင့် ဒိုင်အဖွဲ့များအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အမျိုးသားဖူဆယ်ဘောလုံးအားကစား ပြိုင်ပွဲကို မေလ(၁၈)ရက်နေ့မှ(၂၅)ရက်နေ့ အထိ ကျင်းပခဲ့ပြီး ဟိုပန်၊ကွမ်းလုံ၊ချင်းရွှေဟော်မြို့နယ်များမှ အသက်(၂၅)နှစ်အောက် လူငယ် အားကစားအသင်း(၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)