တောင်ဥက္ကလာပမြို့နယ်တွင် မိုးဦးကျကာလသွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

တောင်ဥက္ကလာပ မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မိုးဦးကျကာလသွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ယမန်‌နေ့က အမှတ်(၁၁)ရပ်ကွက်အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၁၃)အခြေခံပညာမူလတန်းကျောင်းနှင့် TEACHER THUZAR ကိုယ်ပိုင်ကျောင်းတို့တွင် အဘိတ်(abate)ဆေးခပ်​​ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

မိုးဦးကျကာလတွင် ခြင်ပေါက်ဖွားမှုများ ပြားလာနိုင်​သည့်အတွက် ခြင်ကြောင့် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်​ရေး၊ ပိုး‌လောက်လန်း ပေါက်ဖွားမှုမှ ကာကွယ်နိုင်​ရေး ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ပြီး ရေတိုင်ကီနှင့်ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအား အဘိတ်(abate) ဆေးခတ်ခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြ​ပြီး ကျန်းမာရေးဗဟုသုတ အသိပညာပေးခြင်းလုပ်ငန်းများကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဘိတ်(abate) ဆေးခတ်ခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)