ဒဂုံမြောက် မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ တောဝင်သဇင်ခန်းမတွင် ယနေ့နံနက် ၉ နာရီက မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားအား အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး ဒဂုံမြို့သစ်ခရိုင်ပညာရေးမှူးဦးငွေသူရက ကျောင်းအပ်နှံရေးကိစ္စများနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဝင်းနှင့် ဒဂုံမြို့သစ်ခရိုင်ပညာရေးမှူးဦးငွေသူရတို့က စာရေးကိရိယာများ၊ ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက်မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားအား အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက “ကျောင်းသွားကြမယ်”သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားအား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ မေ ၃၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
မြင့်မြင့်ရီ