နမ့်စန်တွင် ခရိုင်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

နမ့်စန်(တ) မေ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ကျင်းပခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ခရိုင်ပညာရေးမှူး ဒေါ်နန်းခမ်းတို့က ခရိုင်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ကျောင်းအဝင် မုဒ်ဦးရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ခရိုင်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို သရဖီခန်းမအတွင်းတွင် ဆက်လက်ကျင်းပခဲ့ရာ အထက(မြို့မ)မှ ကျောင်းသား၊ ကျောင်းသူများက ကျောင်းအပ်နှံရေးနေ့ သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်များကို ပေးအပ်ခဲ့ရာ ခရိုင်ပညာရေးမှူး ဒေါ်နန်းခမ်းက လက်ခံရယူခဲ့သည်။

ဆက်လက်၍ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်ဇော်အောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းတို့က ကျောင်းသား၊ ကျောင်းသူများ အတွက် အခမဲ့ ဖြန့်ဝေပေးသော ဗလာစာအုပ်၊ သိပ္ပံသင်ထောက်ကူပစ္စည်းများနှင့် ကျောင်းဝတ်စုံများကို အသီးသီးပေးအပ်ခဲ့ရာ နမ့်စန်မြို့နယ် ပညာရေးမှူး ဦးမြင့်လွင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ထို့နောက် အထက(နမ့်စန်)မှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ပြီး အခမ်းအနားအပြီးတွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ အထက(နမ့်စန်)ကျောင်းအတွင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်း လာရောက် အပ်နှံမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)