ကျိုင်းတုံ မေ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို မေ ၂၆ ရက် နံနက် ၇ နာရီက မိုင်းဇင်းကျေးရွာအုပ်စု၊ ပင်းဆိုင်း(ဝ)ကျေးရွာ အနီးမြေကွက်လပ်တွင် ကျင်းပ သည်။
မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတွင် ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ခရိုင်/မြို့နယ် သစ်တော ဦးစီးဌာနဝန်ထမ်းများက ကျိုင်းတုံမြို့နယ်အတွင်း လေထုသန့်စင်စေရေး၊ ရာသီဥတုမျှတစေ ရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးတို့အတွက် ချယ်ရီ၊ ထင်းရှူး၊ စွယ်တော်ပျိုးပင်ပေါင်း ၅၀၀ ကို ပင်းဆိုင်း(ဝ) ကျေးရွာ အနီးမြေကွက်လပ်တွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ၂၀၂၃ ခုနှစ် မိုးရာသီတွင် ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း ၁၃၀၀၀၀ ကို ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် တပ်ရင်းတပ်ဖွဲ့များ စိုက်ပျိုးနိုင်ရန်အတွက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)