နောင်ချို အောက်တိုဘာ ၇ ရက်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နောင်ချိုမြို့နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးမှူး ဒေါက်တာကိုကို ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲပညာရှင်များက မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် နယ်စပ်ဖြစ်သော နောင်ချိုမြို့နယ်၊ ခြေမြစ်ပင် ကျန်းမာရေးစစ်ဆေးရေး စခန်းတွင် ရှမ်းပြည်နယ်အတွင်းမှ ထွက်ခွာမည့်ကုန်တင်ယာဉ်များမှယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား Test Kitsဖြင့် စစ်ဆေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ကယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် (၂၅၀)ဦးကို စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်အနေဖြင့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအားTest Kits ဖြင့်စစ်ဆေးခြင်းကို အောက်တိုဘာ (၃)ရက်နှင့် (၄)ရက် နေ့များတွင် ဘန့်ဘွေးတိုးဂိတ်၌ ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ (၅)ရက်နေ့မှစ၍ နောင်ချိုမြို့နယ်၊ ခြေမြစ်ပင် ကျန်းမာရေးစခန်းသို့ ပြောင်းရွှေ့စစ်ဆေးလျက်ရှိရာ အောက်တိုဘာ(၆)ရက်နေ့ထိ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၀၅၀)ဦးကို Test Kitsဖြင့် စစ်ဆေး ပေးခဲ့ပြီး ၎င်းတို့အားလုံးတွင် ရောဂါပိုးမတွေ့ရှိရကြောင်း သိရသည်။
ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Test Kits ဖြင့် စစ်ဆေးမှုများဆောင်ရွက်ရာတွင် အချိန်ကြန့်ကြာမှုမဖြစ်စေဘဲ အဆင်ပြေချောမွေ့စွာ ပြီးစီးစေရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသွင်ကိုကိုမင်းနှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွေးငယ်၊ နောင်ချို ပြန်/ဆက်