ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောသီးဈေးနှုန်းကောင်းမွန်သောကြောင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေ

ကျောက်ဆည် မေ   ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောသီးဈေးနှုန်း ကောင်းမွန်သောကြောင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ရွာပုလဲကျေးရွာမှ တောင်သူဦးလှကြည်က ပြောပြ၍ သိရှိရသည်။

ငှက်ပျောစိုက်တောင်သူများအနေဖြင့် ငှက်ပျောပင်များ စိုက်ပျိုးရာတွင် မြေအောက်ရေနှင့် မိုးရေကို အဓိကထားပြီး ယာမြေနှင့်ကိုင်းကျွန်မြေများတွင် စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရာတွင် အပင် ရှင်သန်ကြီးထွားမှု သေချာစေရန်အတွက် မြေအစိုဓာတ်လုံလောက်စွာရနိုင်သည့် မိုးဦးရာသီနှင့်မိုးရာသီများတွင်  အများဆုံးစိုက်ပျိုးကြကြောင်း၊ ရောင်းချရာတွင် ပွဲစားများမှ စိုက်ခင်းအထိလာရောက်ပြီး ငှက်ပျော(၆)ဖီးပါ အခိုင်(၄၀)အား ငွေကျပ်(၂)သိန်းခုနှစ်သောင်းကျပ်ဖြင့် လာရောက်ဝယ်ယူသဖြင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း၊ ငှက်ပျောသီးနှံသည် တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး အလုပ်သမားရှားပါးမှုမရှိခြင်း၊ သွင်းအားစုမြင့်မားမှု မရှိခြင်းတို့ကြောင့် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း နှစ်ပင်တွဲ(စွယ်စုံတန်း)စိုက်ပျိုးမည်ဆိုပါက တစ်တန်းနှင့်တစ်တန်း (၁၀)ပေခန့် အကွာစိုက်ပျိုးနိုင်ပြီး အပင်(၈၀၀)ခန့်ဝင်ဆန့်ကြောင်း၊ မြေအခံကောင်းပြီး အပင်အပြုအစုကောင်းပါက စိုက်ပျိုးပြီး(၈)လအကြာတွင် အဖူးများစတင်ထွက်ရှိပြီး (၁၂)အကြာတွင်ရောင်းချရကြောင်း၊ ကုန်ကျမှု စရိတ်အနေဖြင့်  ငွေကျပ်(၁၇)သိန်းခန့်ကုန်ကျကြောင်းသိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ငပျောသီးနှံများကို ရဲဘော်ကြီး၊ ရဲဘော်လေး၊ သာစည်လေး၊ ရွှေဒါး၊  မှိုင်းပန်၊ ကလေး၊ မြင်းတွင်း၊ အရှေ့သာဂရ၊ ဆင်ဖြူ၊ သံရွာ၊ ပေါင်လောင်ကြီး၊ ကျားကာ၊ ပေါက်ကုန်း၊ ကုန်းသာ၊ မြေစိုမိုး၊  မြင်းကဘက်၊ မုန့်ပေါင်း၊ လက်ပန်ဇင်၊ ဒွေးလှ၊ ရှားပင်၊ အနောက်ငါးဆူ၊ ကျီးအိပ်၊  ဖျောက်ဆိပ်ပင်၊ ရွာသစ်၊ ရေသရောက်၊ ချောင်းဆုံ၊ သရက်ပင်၊ ရဲ၊ ကြောင်၊ ဇရစ်ခဲ၊ အုန်းကြော၊ ကြက်သားဟင်း ကျေးရွာများတွင် စိုက်ပျိုးကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)