ဆီဆိုင် မေ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးကြီးဒဲရယ်က အမှိုက်တွေကို စည်းမဲ့ကမ်းမဲ့မပစ်ဘဲ စနစ်တကျစွန့်ပစ်ဖို့၊ သစ်ပင်သစ်တောတွေကို စိုက်ပျိုးဖို့၊ ရှင်သန်အောင် ထိန်းသိမ်းဖို့၊ ပိုးသတ်ဆေးတွေကို စနစ်တကျ ကိုင်တွယ်သုံးစွဲစွန့်ပစ်ကြဖို့၊ ရေကိုအလဟဿ မဖြစ်စေရေးချွေတာသုံးစွဲကြဖို့ ဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ သက်ရှိများ၏ ဂေဟာစနစ်များနှင့် လူတို့၏ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် လူတစ်ဦးချင်းအနေဖြင့် အမှိုက်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှု၊ စွန့်ပစ်မှုများကို လျှော့ချခြင်းဖြင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာစေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ခင်းကျင်းပြသထားသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး နံရံကပ် စာစောင်များ၊ ဓါတ်ပုံများနှင့် စာအုပ် စာစောင်များကို တက်ရောက်လာကြသည့် လူငယ်လူရွယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)