မုဒုံ မေ ၂၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က(၂)ကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းသား/ သူများက ကျောင်းအပ်နှံရေးနေ့တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး မြို့နယ်ကျောင်းနေရေးဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးပြည်သိမ်းက နိုင်ငံသားတိုင်း အခြေခံပညာအဆင့်လိုက်သတ်မှတ်ထားသောကာလအတွင်း သင်ယူမှုပြီးမြောက်စေရေးအတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် မိဘပြည်သူများအားလုံးပူးပေါင်းပါဝင်ပြီး ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေး၊ မြန်မာနိုင်ငံ၏ပညာရေးအဆင့်အတန်း မြင့်မားလာစေရေးတို့အတွက် ပညာရေးဝန်ထမ်းအားလုံး KG +12 စနစ်သင်ပညာရေးကို အောင်မြင်စွာဖော်ဆောင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးကြပါရန် အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းက ကျောင်းအပ်နှံရေးလုပ်ငန်းအား ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်မှထောက်ပံ့သည့် ကျောင်းသုံးပုံနှိပ် ၃၅၇၂၉ စုံ၊ ဗလာစာအုပ် ၃၂၀၂၉ ဒါဇင်၊ ဘောပင် ၁၉၃၇ ဒါဇင်၊ ခဲတံ ၈၇၃၈ ဒါဇင်၊ ကျောင်းဝတ်စုံ ၂၄၁၀၄ စုံ စုစုပေါင်းတန်ဖိုးငွေကျပ် ၃၀၆၀၈၂၁၃၁ ကျပ်နှင့် ပညာရေးစေတနာရှင်များက လှူဒါန်းငွေကျပ် ၁၁၆ သိန်းကျော်ကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)