ကျောက်ပန်းတောင်းမြို့နယ် ဆည်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်သုံးလုံး အမိုးလန်ပျက်စီးမှုဖြစ်ပေါ်

ကျောက်ပန်းတောင်း မေ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဆည်ကျေးရွာအုပ်စု၊ ဆည်ကျေးရွာတွင် မေလ (၂၅) ရက်နေ့ည (၈:၃၀) ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်သုံးလုံး အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှသိရသည်။

ကျောက်ပန်းတောင်းမြို့ ပုပ္ပားတောင်မကြီးအရှေ့ဘက်ခြမ်းရှိ ဆည်ကျေးရွာတွင် ယမန်နေ့ညကရုတ်တရက် လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး၊ အဆိုပါ လေပြင်း တိုက်ခတ်မှုကြောင့် ဦးအောင်လင်း (ဘ) ဦးအေးမာ၏ (၄×၃) ပင်၊ တစ်ထပ်သွပ်မိုး၊ ထရံကာနေအိမ်တွင်ဒိုင်း (၂၆) ချောင်း၊ မြှားတန်း (၁၄) ချောင်း၊ သွပ် (၃၀) ချပ် ကွာကျပျက်စီးခဲ့ရာ ဆုံးရှုံးမှုတန်ခန့်မှန်းတန်ဘိုး (၇၅၀၀၀၀) ကျပ်ရှိကြောင်းနှင့် ဒေါ်သန်းရီ (ဘ) ဦးဝင်းမောင်၏ (၄×၃) ပင်၊ တစ်ထပ်သွပ်မိုး၊ ဝါးထရံကာ နေအိမ်တွင် ဒိုင်း (၁၈) ချောင်း၊ မြှားတန်း (၈) ချောင်း၊ သွပ် (၂၄) ချပ်ပျက်စီးခဲ့ရာ၊ ဆုံးရှုံးမှု ခန့်မှန်းတန်ဘိုး (၄၅၀၀၀၀) ကျပ်ရှိကြောင်းသိရပြီး၊ ဒေါ် မြသန်းရီ (ဘ) ဦးချွန်၏ (၃×၃) ပင်ပတ်လည်၊ တစ်ထပ်သွပ်မိုး၊ ဝါးထရံကာနေအိမ်တွင် သွပ် (၃၀) ချပ် လွင့်ပါပျက်စီးခဲ့သဖြင့် ဆုံးရှုံးမှုခန့်မှန်းတန်ဘိုး (၅၆၀၀၀) ကျပ်ဖြစ်ကြောင်းသိရပြီး၊ စုစုပေါင်းပျက်စီးဆုံးရှုံးမှု တန်ဘိုးမှာ (၁၂၅၆၀၀၀) ကျပ် ဖြစ်ကြောင်းသိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် အဆိုပါအမိုးလန်နေအိမ်များ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ကျေးရွာ ရပ်မိ/ရပ်ဖများ ညှိနှိုင်းပူးပေါင်း ဆောင် ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

နေအောင်