ဝမ်းတွင်း မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း သဲတော-ဝမ်းတွင်း ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား “တိုင်းနိုင်ငံအားလုံး ကျောင်းအပ်နှံကြပါစို့” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက ကျောင်းအပ်နှံခြင်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူးဒေါ်သီတာမှ ကျောင်းအပ်နှံခြင်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသားကျောင်းသူလေးများက “ကျွန်တော့ရည်မှန်းချက်” “ဂီတဗိမ္မာန်” စသည့် တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ ကြသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက အထက (ဝမ်းတွင်း) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းတင့်အား အခမဲ့ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များ ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများကိုလည်းကောင်း၊ မြိုနယ်ပညာရေးမှူး ဒေါ်သီတာက အထက (ခွဲ) ဘုရားစုမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ထူးအား ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များ ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများအားလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသားကျောင်းသူလေးများက “မြတ်ဆရာ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်းသိရသည်။
အဆိုပါ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူးသက်နိုင်၊ အဖွဲ့ဝင် (၂) ဦးမြဟန်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းကျော်သူ၊ တာဝန်ရှိသူများ၊ မြိုနယ်ပညာရေးမှူးဒေါ်သီတာ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအုပ်ဆရာ ဆရာမကြီးများနှင့် ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲမျိုးသက်