ပူတာအို မေ ၂၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အစိုးရ စက်မှုလက်မှုသိပ္ပံ (ပူတာအို)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ပူတာအို)တို့က ဒေသခံ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ကာလတိုသင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ အစိုးရစက်မှု လက်မှုသိပ္ပံ(ပူတာအို)ကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက သင်တန်းဆင်းအမှာစကားပြော ကြားပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ပူတာအို) ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်သန့်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကာလတို သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၃၉)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းတွင် Estimating for R.C.C Building သင်တန်းတွင် သင်တန်းဆင်းဦးရေ (၁၂)ဦး၊ House Wiring Installation သင်တန်းတွင် သင်တန်းဆင်းဦးရေ (၈)ဦး၊ အခြေခံ အိမ်သုံးလျှပ်စစ်ပစ္စည်း ပြုပြင်ခြင်းသင်တန်းတွင် သင်တန်းဆင်းဦးရေ(၁၁)ဦး၊ Single Cylinder Petrol Engine Overhaul သင်တန်းတွင် သင်တန်းဆင်းဦးရေ (၅)ဦးနှင့် Basic Welding သင်တန်းတွင် သင်တန်းဆင်းဦးရေ (၃)ဦး စုစုပေါင်း သင်တန်းဆင်းဦးရေ (၃၉)ဦးတို့ကို မေ(၈)ရက်မှ (၂၆)ရက်နေ့အထိ သင်တန်းကာလသုံးပတ်ကြာ ကျွမ်းကျင်ဆရာ/ဆရာမများက စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)နှင့် အစိုးနည်းပညာအထက်တန်းကျောင်း(ပူတာအို)တို့ကို ၂၀၀၉-ခုနှစ် မေလ(၅)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅-ခုနှစ်မှ စတင်၍ ယနေ့ကာလ အထိ ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော သက်မွေးပညာကာလတိုသင်တန်းများကို စဉ်ဆက်မပြတ်အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို)အနေဖြင့် ကာလတိုသင်တန်း စုစုပေါင်း(၂၂)ကြိမ်နှင့် သင်တန်းသား (၃၃၁)ဦး၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ပူတာအို) အနေဖြင့် ကာလတိုသင်တန်းစုစုပေါင်း (၂၇)ကြိမ်နှင့် သင်တန်းသားစုစုပေါင်း (၄၇၃)ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)