ပျားများဖြင့် ဝတ်မှုံကူးခြင်းကြောင့် နေကြာဆီသီးနှံအထွက်နှုန်းတိုးခြင်းအကြောင်း သိကောင်းစရာဆွေးနွေးပွဲ စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင်ပြုလုပ်

စဉ့်ကိုင်   မေ  ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တောင်သူများ စိုက်ပျိုးသည့် သီးနှံများအထွက်နှုန်းကောင်းပြီး  လူမှုစီးပွားဘ၀တိုးတက်စေရန်  နည်းလမ်းအမျိုးမျိုးဖြင့်  ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပျားလုပ်ငန်းဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၁၁)နာရီက "ပျားများဖြင့်၀တ်မှုံကူးခြင်းဖြင့် နေကြာဆီသီးနှံ အထွက်နှုန်းတိုးခြင်း  အကြောင်းသိကောင်းစရာ"  ဆွေးနွေးပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  စဉ့်ကိုင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ   ဒေါ်ဝင်းဝင်းသန်းက   နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများ သီးနှံအထွက်နှုန်းကောင်းပြီး  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပျားများဖြင့် သီးနှံအလိုက်၊   ရာသီအလိုက် ဝတ်မှုံကူးခြင်းများ ဆောင်ရွက်ပေးနေကြောင်းကို ပြည်သူများသိရှိစေရန်  ရည်ရွယ်၍ အသိပညာပေး  Talk  Show များကို   အွန်လိုင်းမှတစ်ဆင့် မျှဝေဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍  ပျားလုပ်ငန်းဌာနမှ   ဦးစီးအရာရှိ ဦးသိန်းကိုက    ပျားများဖြင့်၀တ်မှုံကူးခြင်းကို အောင်မြင်စွာဖြစ်ပေါ်စေရန် နေကြာခင်းအတွင်း ပျားအုံပုံးများကို (၁)   ဧကလျှင်(၃)အုံနှုန်း၊   (၁၀) ဧကလျှင် ပျားအုံ(၃၀)အုံထားရှိပြီး ဆောင်ရွက်ပုံလုပ်ငန်းအဆင့်ဆင့်ကို  ရှင်းလင်းပြောကြားကာ   နေကြာခင်းအတွင်း ပျားအုံများမထားမီ တစ်ဧလျှင်(၁၈)တင်းသာထွက်ရှိသော်လည်း ပျားအုံများဖြင့်  ၀တ်မှုံကူးခြင်းကြောင့်    တစ်ဧကလျှင် နေကြာတင်း  (၂၈)တင်း  ထိထွက်ရှိပုံ၊      နေကြာသီးနှံများ ကောင်းမွန်ပြီး ဆီထွက်နှုန်းကောင်းမွန်သည့်အတွက် တောင်သူများအနေဖြင့် သီးနှံများအား ပျားများဖြင့် ၀တ်မှုံကူးပါက  စီးပွားရေးပိုမို အဆင်ပြေနိုင်ပုံတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)