မိုင်းပျဉ်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

မိုင်းပျဉ်း မေ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က)နဝဒေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့အခမ်းအနားတွင် (အ.ထ.က) ကျောင်းသူ/သားလေးများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး အမှတ်(၁၄) စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ် ရှေ့တန်းအမှတ်(၃) နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှူးအဖွဲ့ ခေတ္တနည်းဗျူဟာမှူး ဗိုလ်မှူးကြီးမြင့်ကျော်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မိုင်းပျဉ်းမြို့နယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ အရွယ်ရောက်ပြီးသူတိုင်း ပညာသင်ကြားနိုင်ရန် ကျန်းမာရေး၊ ပညာရေး အရးပါပုံများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မိုင်းပျဉ်းမြို့ မြို့မိ၊ မြို့ဖ ဦးစိုင်းထွန်းစိန်က အမှာစကားပြောကြားပြီး ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများအား နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သော ဗလာစာအုပ်၊ ခဲတံ၊ ပုံနှိပ်စာအုပ်နှင့် ကျောင်းဝတ်စုံများအား ပေးအပ်ခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ဌာနဆိုင်များ၊ မြို့မိမြို့ဖများ စုစုပေါင်းအင်အား (၁၅၀)ခန့် တက်​ရောက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်နောင်ထွန်း(ပြန်/ဆက်)