မိုင်းဆတ် မေ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အထက(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းသို့ ရောက်ရှိရေး၊ အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံသော ပညာတတ်များ ပေါများရေးနှင့် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် သင်ကြားရေး၊ ဆရာ၊ ဆရာမများသာမက စီမံခန့်ခွဲသူ၊ မိဘအုပ်ထိန်းသူ၊ ရပ်ရွာလူထု၊ ပညာရေးနှင့် ပတ်သက်ဆက်စပ်သူအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်က ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သက်၍ မိုင်းဆတ်မြို့နယ်၏ ပညာရေးအခြေအနေအား သုံးသပ်တင်ပြခဲ့ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်ဇင်သော်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မိမိခိုင်တို့မှ ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ နယ်မြေခံတပ်နယ်မှ ခေတ္တစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်မျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်ဇင်သော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မိမိခိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)