ကျောက်ဆည် မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ်ဗဟုသုတများ တိုးပွားစေရေး ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြု ဗဟိုဌာနတွင် Book Club အဖွဲ့ဝင်များ စာရေးဆရာ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ၏အလုပ်ဆိုတာအင်အားပါစာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းများကျင်းပပြုလုပ်ခြင်းဖြင့် အသိအမြင်ဗဟုသုတများ ပိုမိုတိုးပွားကြွယ်ဝလာပြီး စာဖတ်ရှိန်များလည်းမြင့်မားလာကြောင်း၊ Book Club အဖွဲ့ဝင်များအနေဖြင့် ခရိုင် ပြည်သူ့စာကြည့်တိုက် တွင် စာအုပ်များအခမဲ့လာရောက်ဖတ်ရှုလေ့လာပြီး ဗဟုသုတများရှာဖွေနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း ဥက္ကဋ္ဌ ဦးကျော်သန်းက အလုပ်ဆိုတာ မိမိကိုယ်ကိုတည်ဆောက်ဖို့အတွက် မိမိဘဝကိုခိုင်ခန့်စွာတည်ဆောက်ဖို့အတွက်အလိုအပ်ဆုံးအင်အားဖြစ်ကြောင်း၊ အလုပ်လုပ်တယ်ဆိုတာ စားဝတ်နေရေးအတွက် လုပ်တယ်ဆိုတာမှန်ပေမယ့် အခြားသောတန်ဖိုးများကိုလည်း ရယူချင်၍အလုပ်လုပ်ခြင်းဖြစ်ကြောင်း၊ အလုပ် လုပ်ခြင်းဖြင့် မိမိကိုယ်ကို တည်ဆောက်နိုင်သောအင်အား၊ အမှားနှင့်အမှန်ကို ခွဲခြားနိုင်သောစိတ်အင်အား ဉာဏ်စွမ်းအားများကို ပြန်လည်ဖြည့်ဆည်းခြင်း စသောအစွမ်းအစများရရှိစေနိုင်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဒေါ်စန်းစိမ့်စိမ့်မိုးက အလုပ်ထဲတွင်စိတ်နှစ်ထားသည့်အတွက် မကောင်းသောအတွေး မကောင်း သောအကြံများ မဝင်အောင်တားဆီးနိုင်ကြောင်း၊ အလုပ်လုပ်ရာတွင် လုပ်ရိုးလုပ်စဉ်လုပ်ခြင်းထက် စိတ်အားပိုထည့်ပြီးလုပ်ပါက မမြင်သေးရသည့် အသိအမြင် များ၊ အတွေးအခေါ်များပို၍ရရှိလာနိုင်ပြီး ပိုမိုအားတက်နိုင်ကြောင်း၊ အလုပ်ကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစားအားထုတ်လုပ်ကိုင်ခြင်းအတွက် တည်ကြည်သူ၊ စိတ်ကောင်းရှိသူများက နှစ်ခြိုက်သဘောကျစေနိုင်သည့် အရည်အချင်းဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်က သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သက်မောင်