ဆဒုံး မေ ၂၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ဇွန် (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ (၂၃) ရက်မှ (၃၁)ရက်နေ့အထိ ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်လက်ခံရာတွင် သက်ဆိုင်ရာအခြေခံပညာ ကျောင်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများ အတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ် များကို တစ်ပါတည်းပေးအပ်ခဲ့ကြသည်။
ခင်မာဝင်း (ဆဒုံး)